မျက်ရည်ပြွန်ပိတ်ရင် ဘာဖြစ်မလဲ
မျက်ရည်ပြွန်ဟာ မျက်စိရဲ့ဘေး နှာခေါင်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ ရှိပြီး လည်ချောင်းနဲ့ ဆက်စပ်လျက်ရှိပါတယ်။ နှာခေါင်းဘက်ခြမ်း အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံရဲ့ အဆုံးမှာ မျက်ရည်ပြွန်ရဲ့ အပေါက်ဝလေးကို တွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့် အပေါ်မျက်ခွံအောက်မှာရှိတဲ့ မျက်ရည်ဂလင်းတွေက မျက်ရည်ထုတ်ပေးပြီး မျက်တောင်ခတ်လိုက်တိုင်း မျက်စိကို တောက်လျောက် စိုစွတ်နေအောင် လုပ်ပေးပြီးတဲ့အခါ မျက်ရည်ပြွန်တွေကတဆင့် မျက်ရည်တွေ စီးဆင်းသွားပြီး နှာခေါင်းနဲ့ လည်ချောင်းထဲ ရောက်စေပါတယ်။
အကယ်၍ မျက်ရည်ပြွန်ပိတ်နေတဲ့အခါ မျက်ရည်တွေ ကောင်းကောင်းမစီးဆင်းနိုင်တဲ့အတွက် မျက်ရည်တွေတောက်လျောက် ကျနေပြီး မျက်စိယားယံတာ ဖြစ်နိုင်ပါတယ်။ မျက်ရည်ပြွန်ဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်နိုင်သလို လုံးဝပိတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် မွေးကင်းစကလေးငယ်တွေမှာ အဖြစ်များပြီး ကုသစရာမလိုဘဲ တစ်နှစ်အတွင်း ကောင်းသွားလေ့ရှိပါတယ်။ လူကြီးတွေမှာ ဖြစ်ရင်တော့ ထိခိုက်ဒဏ်ရာရလို့ဖြစ်ဖြစ်၊ မျက်စိပိုးဝင်လို့ဖြစ်ဖြစ်၊ ကင်ဆာအကျိတ်ကြောင့် ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေ အနေနဲ့
-မျက်ရည်တွေ တောက်လျောက်ကျဆင်းနေတာ
-မျက်စိက နီရဲနေတာ
-မျက်စိက မကြာခဏပိုးဝင်လွယ်ပြီး ရောင်ရမ်းနေတာ
-မျက်စိအတွင်းဘက်ထောင့်မှာ နီရဲပြီး ရောင်နေတာ
-မျက်ခွံတွေ စေးကပ်နေပြီး ဖွင့်ရခက်တာ
-အချွဲနဲ့ပြည်လို မျက်ဝတ်တွေထွက်တာ
-အမြင်အာရုံဝါးလာတာတွေ ဖြစ်တတ်ပါတယ်။
အထက်ပါ လက္ခဏာတွေ ရက်ဆက်ဖြစ်လာပြီဆိုရင် မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
ဘာကြောင့် မျက်ရည်ပြွန်ပိတ်ရတာလဲ?
*မွေးရာပါဖြစ်တာ- မွေးကင်းစကလေးတွေမှာ မျက်ရည်ပြွန်ကောင်းစွာ မဖွံဖြိုးသေးလို့ ဒါမှမဟုတ် မူမမှန်တဲ့အမြှေးပါးတစ်ခုက ဖုံးနေလို့ ဖြစ်တာပါ။
*အသက်ကြီးလာတာ- အသက်ကြီးလာတဲ့အခါ မျက်ရည်ပြွန်က ကျဥ်းလာရာက ပိတ်နိုင်ပါတယ်။
*မျက်စိ၊ မျက်ရည်ပြွန်နဲ့ နှာခေါင်းပိုးဝင်တာ၊ ရောင်ရမ်းတာကြောင့်လည်း ပိတ်နိုင်ပါတယ်။
*မျက်နှာထိခိုက်ဒဏ်ရာရာပြီး အရိုးကျိုးတာနဲ့ ဆဲလ်အသေတွေကြောင့်လည်း မျက်ရည်ပြွန် ပိတ်နိုင်ပါတယ်။
*နှာခေါင်းနဲ့ မျည်ရည်ပြွန်စီးဆင်းရာလမ်းကြောင်းမှာ ကင်ဆာအကျိတ်ရှိရင်လည်း ပိတ်နိုင်ပါသေးတယ်။
*ရေတိမ်ဖြစ်တဲ့အခါ သုံးစွဲရတဲ့ မျက်စဥ်းတွေကြောင့်လည်း မျက်ရည်ပြွန် ပိတ်တတ်ပါတယ်။
*ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်တာ( အထူးသဖြင့် မျက်နှာနဲ့ ဦးခေါင်းပိုင်းကင်ဆာတွေ) ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း မျက်ရည်ပြွန် ပိတ်နိုင်ပါတယ်။
*မျက်စိ၊ မျက်ခွံနဲ့ နှာခေါင်းတစ်ဝိုက် ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ဖူးတာကနေ အမာရွတ်ကြောင့် မျက်ရည်ပြွန်ပိတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကုသမှုအနေနဲ့ လူကြီးတွေမှာဆိုရင် ထုံဆေးနဲ့ဖြစ်စေ၊ မေ့ဆေးနဲ့ဖြစ်စေ ခွဲစိတ်ကုသပြီး မျက်ရည်စီးဆင်းမှုရှိအောင် လုပ်လို့ရပါတယ်။
ကလေးတွေမှာတော့ သူ့အလိုလို သက်သာသွားတာရှိသလို ကုသမှုလိုအပ်နိုင်တာလည်းရှိလို့ မျက်စိဆရာဝန်နဲ့ ပြသတာသာ အကောင်းဆုံးပါ။
မကုသဘဲထားရင် မျက်စိပိုးဝင် ရောင်ရမ်းပြီး အမြင်အာရုံဝါးလာတာ၊ အမြင်ဆုံးရှုံးတာထိ ဖြစ်နိုင်လို့ ဂရုပြုဖို့ လိုအပ်ပါတယ်။
ကာကွယ်ဖို့အတွက်
- မျက်စိကို လက်နဲ့ခဏခဏကိုင်ခြင်း၊ ပွတ်ခြင်းကို ရှောင်ပါ။
- လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
- မျက်စိယားရင် ပိုးဝင်ရောင်ရမ်းရင် ကုသမှုအမြန် ခံယူပါ။
- Eyeliner နဲ့ မျက်တောင်ကော့ဆေးတွေကို ဝေမျှသုံးစွဲခြင်းမှ ရှောင်ကြဥ်ပါ။
- မျက်ကပ်မှန်တပ်တဲ့သူဆိုရင် သန့်ရှင်းစွာ လုပ်ဆောင် သိမ်းဆည်းပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်